Friday, August 23, 2013

သစ်တစ်ပင်ခုတ် ထောင်(၃)နှစ် အများကြီးခုတ်တော့..? (အပိုင်း- ၂)

Posted by Unknown at 5:38 AM
★★★★★★☆☆☆☆☆☆★★★★★★
 သစ်တွေကို ဘယ်လိုစာရင်းအင်းတွေနဲ့ ထုတ်ယူနေကြတာလဲလို့ သစ်တောရေးရာ ၀န်ကြီးကို မေးကြည့်ခြင်ပါတယ်။မေလ(၂၂)ရက် နေ့စွဲနဲ့ထုတ်တဲ့ အတွဲ(၁၂)၊အမှတ်(၁၁) 7 Day ဂျာနယ်မှာ ၀န်ကြီး ဖြေထားတဲ့ “ တရားဝင်နှစ်စဉ်တွက်ချက်ပြီး သစ်ခုတ်တာလည်း ရှိသလို တရားမ၀င် (အတိုင်းအဆမရှိ) သစ်ခိုးခုတ်မှုတွေလည်းရှိတယ် “ ဆိုပြီးတွေ့ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ဒေသမှာရော ဘယ်လိုတွက်ချက်မှုတွေနဲ့ သစ်ခုတ်နေတာပါလဲ ခင်ဗျား ၀န်ကြီးတို့က
တွက်ချက်ပြီးခုတ်တာဆိုရင်တော့ အင်မတန်ကြောက်စရာကောင်းတဲ့တွက်ချက်မှုပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ပြောခဲ့တဲ့ သစ်ဆိပ်တွေမှာ တောင်လိုပုံနေတဲ့ သစ်လုံးတွေကို ဘယ်လို ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ၀န်ကြီးတို့ ခုတ်ယူခဲ့ကြပါသလဲ ခင်ဗျား။
*** တစ်ချိန်တုန်းကတော့ ဟုတ်ပါတယ်။ တိုင်းပြည်ရဲ့ ၀င်ငွေဟာသစ်တော သယံဇာတအပေါ်မှာ မှီခိုနေရတယ် ဆိုတာ မှန်ပါတယ်။ အခုတော့ မလိုပါဘူး ***
ပြည်တော်စုဝန်ကြီးခင်ဗျား မလိုအပ်တော့ဘူး ဆိုရင်သစ်ထုတ်လုပ်မှုတွေကိုရပ်ပေးပါ 2014 မှရပ်မယ်ဆိုရင် 1 နှစ်ကျော်ကျန်သေးတယ်။ ဒီ 1 နှစ်ကျော်အတွင်းမှာ သူတို့ ဘယ်လောက်များ ထုတ်ကြအုံးမှာလဲ။ စစ်ပွဲတွေဖြစ်တဲ့ ကချင်နဲ့ရှမ်းပြည်နယ်ကနေ ခိုးထုတ်ပြီး တရုတ်ပြည်ပို့တာ တစ်နှစ်ကိုတန်ချိန် ဘယ်နှစ်သိန်းမှန်းမသိနိုင်ပါဘူး။ အဲဒီဘက်ကနယ်မြေမအေးချမ်းလို့ တားဆီးအရေးယူတောင်ရွက်ဖို့ခက်ခဲ လို့ထားတော့ ပင်လည်ဘူးဒေသမှာကျတော့ တစ်နှစ်ကို တန်ချိန် ဘယ်နှစ်သိန်းမှန်းခန့်မှန်းမရနိုင်အောက်ကို ကုမ္ပဏီတွေ ထုတ်ယူနေကြတယ်။ သစ်ထုတ်မှုတွေရပ်မယ်ကြားလေ ကုမ္ပဏီတွေ များလာလေပါပဲ။ အားချင်းထုတ်ယူနေကြတယ်၊ သစ်ကွက်တွေလုပြီး ထုတ်တယ်၊ သတ်မှတ်ထားတဲ့ သစ်တန်ချိန်ပြည့်မှီအောင် သူများထက်ဦးပြီး အလုအယှတ်ခုတ်ယူကြတယ်။ သတ်မှတ်တန်ချိန်ပြည့်ပြီဆိုတာနဲ့ တောထဲမှာ ခုတ်လဲထားတဲ့ သစ်တွေ ဒီအတိုင်းပြစ်ထားခဲ့ကြတယ်။ စပြီးခုတ်ကတည်းနဲ့ကို ပိုပြီးခုတ်လှဲထားပြီးသားပါ ပြစ်ထားခဲ့တဲ့ သစ်တွေဟာ တော့မီးလောင်ပြီး မီးသွေးတုံးဖြစ်သွားရတာလည်း မရေမတွက်နိုင်အောင်ပါပဲ။ ကညင်သစ်တွေဆိုတာ အစိုဖြစ်ဖြစ်၊ အခြောက်ဖြစ်ဖြစ် မီးလောင်လွယ်ပါတယ်။ ကျွန်တော်တို့ ဒေသမှာ ကျွန်သစ်ဟာ ကုန်သလောက်ဖြစ်သွားပြီး ကညင်တွေပဲ ကျန်တော့တယ်။ ဒါလည်းမကြာတော့ပါဘူး။ တမလန်းသစ်ဆို တောထဲမှာရှာမတွေ့နိုင်လောက်အောင်ကို ရှားပါးသွားပါပြီ။ တမလန်းသစ်ဟာ ကျွန်းထက် တန်ဖိုးကြီးပါတယ် လှပမှုနဲ့ မာကြောခိုင်ခံ့မှုမှာလည်း ကျွန်ထက်သာပါတယ်။ ဒါပေမယ့် နောင်လာနောက်သားတွေ မြင်ဘူးအောင် ပြစရာတောင်မကျန်တော့ပါဘူး စားပွဲနဲ့ ကုလားထိုင်တွေ ကြံဖန်ပြရင်တော့ ရတာပေါ့လေ။
ကမ္ဘာပေါ်မှာ သစ်တော့ပြုန်းတီးမှု အများဆုံးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါနေပါပြီ သိပ်ကိုမှအံသြစရာ ကောင်းပါတယ်။ မြန်မာနိုင်ငံအနှံအပြား လမ်းဘေးဝဲယာသစ်ပင်တွေမှာ ဆောင်ပုဒ်လေးတွေ ရိုက်ကပ်ထားတာ တွေ့ရပါတယ်။ ဒါတင်မကပါဘူး။ အစိုးရပိုင် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာလည်း မြင်တွေ့နေရပါတယ်။ ဘယ်လိုဆောင်ပုဒ်များလည်း -
- ဥတုရာသီ တောကိုမှီ၏
- သစ်ပင်စိုက်ပါ ဒို့ကကမ္ဘာ သာယာလှပ စိမ်းမြမြ
- နိုင်ငံအ၀န်း သစ်တောစွမ်းဖြင့် စိမ်းလမ်းစေရမည်
- သစ်တောနဲ့သစ်ပင် ချစ်ခင်တဲ့လူမျိုး သစ်ပင်ကို နှစ်စဉ်စိုက် ရွှေတိုက်ကိုစိုး
လှပပြီးသိပ်ကို ကျက်သရေရှိတဲ့ ဆောင်ပုဒ်တွေပါ နောက်ပြီးအများကြီးကျန်ပါသေးတယ်၊ မမှတ်မိတော့လို မရေးပြတော့ဘူး။ ဒီလို ဆောင်ပုဒ်တွေကို ကြည့်ခြင်းအားဖြင့် သစ်တော၊ သစ်ပင်တွေကို မြတ်နိုးတန်ဖိုးထားလွန်းတဲ့ တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ်နိုင်ငံရယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ပြောင်းပြန်ဖြစ်နေတယ်။ သစ်တောပြုန်းတီးမှု အများဆုံးနိုင်ငံစာရင်းမှာ ပါဝင်ပေမဲ့ ဆောင်ပုဒ်ဖြင့် သစ်တော့ထိန်းသိမ်းကာကွယ်နိုင်မှု အကောင်းဆုံးနိုင်ငံကို ရွေးချယ်ဆုပေးရင်တော့ မြန်မာနိုင်ငံဆုရနိုင်ပါတယ်။ ဒါတောင် တော်ပါသေးတယ် ဆောင်ပုဒ်တွေက မြန်မာလိုရေးထားလို့ အင်္ဂလိပ်လို့ရေးထားရင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ရှက်စရာဖြစ်နေအုံးမယ်။ ဒီလိုလှပပြီး လူအထင်ကြီးစရာကောင်းတဲ့ ဆောင်ပုဒ်မျိုးတွေ ဘယ်နိုင်ငံမှာမှမရှိနိုင်ဘူး ထင်ပါတယ်။ ခုတ်တော့ခုတ်တယ် စိုက်ရောမစိုက်ဘူးလား စိုက်ပါတယ်။ ဆောင်ပုဒ်လေးတောင်ရှိသေးတယ်။
ဘာတဲ့ -
*** သစ်တော၊ သစ်ပင် တို့ချစ်ခင် နှစ်စဉ်စိုက်ပျိုးအလှတိုး ***


နှစ်စဉ်စိုက်ပါတယ်၊ စိုက်တာမှ ဆယ်စုနှစ်တစ်ခုလောက်တောင် မကတော့ဘူး ဘယ်နှစ်ပင်များအောင်မြင်တာ တွေ့ဘူးလို့လဲ။ နှစ်စဉ်မိုးရာသီရောက်တိုင်း ဌာနဆိုင်ရာတွေ၊ အနီဝတ်တွေ၊ အ၀ါတွေ၊ အပြာတွေ ၀တ်ကောင်းစားလှ တွေနဲ့ ကားကြီး၊ ကားငယ်အသွယ်သွယ်၊ ဆိုင်ကယ်တွေလည်း တ၀ီဝီမျက်စီရှုပ်နေအောင် ဟန်ရေးပြပြီး ‘’ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ‘’ ကို ခမ်းခမ်းနားနား ကျင်းပလေ့ရှိပါတယ်။ သတင်းစာနဲ့ TV တွေမှာလည်း တနိုင်ငံလုံးက သစ်ပင်စိုက်ပျိုးပွဲတော်အကြောင်း သတင်းတွေစုံနေအောင် တွေ့ရပါတယ်။ သစ်ပင်စိုက်ပါတယ်ဆိုနေမှ ၀တ်ကောင်းစားလှတွေနဲ့ ဘယ်လိုအလုပ်ဖြစ်မှာလည်း။ မနှစ်ကလည်းဒီနေရာ ဒီနှစ်လည်း ဒီနေရာပဲ အချိန်ကုန်၊ ငွေကုန်တာဘဲအဖတ်တင်တယ် အလုပ်မဖြစ်ပါဘူး။

ဆက်ရန်
★★★★★★☆☆☆☆☆☆★★★★★★
မောင်ကြင် (ပင်လည်ဘူး)


If you enjoyed this post and wish to be informed whenever a new post is published, then make sure you subscribe to my regular Email Updates. Subscribe Now!


Kindly Bookmark and Share it:

0 comments:

Have any question? Feel Free To Post Below:

 

© 2013. All Rights Reserved | Pinlebu Township | Refreshed by Angal Kaung (ပင်လည်ဘူး) | Template by Blogger Widgets

Home | Contact | About | အပေါ်သို့