Friday, June 14, 2013

စိတ်ချလို့သာ နေစေချင်

Posted by Unknown at 1:41 PM
တက္ကသိုလ်ကျောင်းတော်ကြီးတွင် စာသင်ခြင်းအမှုကို ပြုလျက်ရှိသော စာရေးသူသည် ရွာမှထွက်ခွာလာခဲ့သည်မှာ နှစ်အားဖြင့် ရေတွက်သမှု ပြုလိုက်ချေသော် ခုနစ်နှစ်မျှကြာ ညောင်းခဲ့ချေပြီတည့်လေ။ မကြာနှစ်ခြား အလည်သွားခဲ့သော်လည်း တစ်လမျှပြည့်အောင် အလွမ်းဖြေခဲ့ရ သည်ဟူ၍ကား မရှိခဲ့ပါချေတမုံ့။


    ပုထုဇဉ်ရဟန်တို့သဘာဝ အလွမ်းဓာတ်ခံ ကျန်နေသေးသည်ဖြစ်ရကား အိမ်သို့လွမ်း၍ငိုင်ခြင်း၊ မိဘကျေးဇူးဆပ်ချင်သောကြောင့် တွေးကာ တောကာ ကြံစည်နေခြင်း စသည်စသည်ဖြင့် မိသားစုနှင့် ပတ်သက်သော အခြင်းအရာများသည် ကျွန်ုပ်၏ ဦးနှောက်အစိုင်အခဲကြီးထဲ၌ မကြာခဏ မွှေနှောက် နေရာယူလျက် ရှိချေ၏။ ရံခါများဆိုလျှင်ဖြင့် အနှီသို့သော အကြောင်းအရာများကိုစဉ်းစားရင်း အပင်နှစ်ဆယ်မျှ မပြည့်တတ်သော ကျွန်ုပ်၏ ခပ်ကောက်ကောက် မုတ်ဆိတ်မွေးများကို ဖြောင့်တန်း လာစေခြင်းငှာလည်းကောင်း၊ ကျွတ်ထွက်လာစေခြင်းငှာလည်းကောင်း၊ တစုံတခု သော ရည်ရွယ်ချက် အလျဉ်းမျှ မရှိပါလေဘဲ ရှေးပညာရှိ ဘိုးဘိုးကဝိတို့၏ လုပ်ရိုးလုပ်စဉ်အတိုင်း ကြိမ်ဖန်များစွာ ဆွဲသပ်၍ တစ်နာရီ နှစ်နာရီကြာမျှ ထိုင်ငေးခြင်းအမှုကို ပြုနေမိချေဘိတော့၏။

ရှင်တော်ဗုဒ္ဓ ဟောညွှန်ပြတော်မူသည့် မိဘကျေးဇူးဆပ်ခြင်းအမှုကို ရဟန်တော်သည်လည်းကောင်း၊ လူသည်လည်းကောင်း ပြု၍ရသည် ပြုကြရဟု မှတ်သားဖတ်ရှုခဲ့ရဖူးချေ၏။ အနို့ကလို သို့ကလိုသော အကြောင်းအရာများကြောင့် ကျွန်ုပ်၏ မိဘများကို ဘုရားဖူးလိုက်ပို့ရပါမူကား ကောင်းစွ၏ဟု အာသီသဖြစ်ခဲ့လေရကား ကျွန်ုပ်ရရှိသမျှသော တစ်ကျပ် ဆယ်ပြားဝတ္ထုငွေများကို ကုတ်ခြစ်ကာ စုဆောင်းနေမိချေတော့၏။

   အနို့ဖြင့်သာပဲ...မဆွက လွန်မြောက်ခဲ့လေသော နွေရက်များဆီက နွေရာသီကျောင်းပိတ်ရက်၌ မိဘနှစ်ပါးကို မန္တလေး၊ ရန်ကုန်၊ ကျိုက်ထီးရိုး ဘုရားဖူးခရီးစဉ်အဖြ် ကျွန်ုပ်က ဦးဆောင်သမှုပြုလျက် ချီတက်ခဲ့ကြလေ၏။ ကျွန်ုပ်၏မိဘများသည် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ရှမ်းသွေးရောစပ် ထားသော ကပြားဗမာများဖြစ်ချေသမို့ တောစတိုင်၊ တောဂိုက်၊ တောမျက်စိ၊ တောသွေ၊ တောအတွေးများဖြင့် တကိုယ်လုံးကို ဖုံးလွှမ်းပုံ ဖော်နေရကား ငါသည် တောသားဖြစ်ချေ၏ဟု နဖူး၌ စာမကပ်ထားဘဲလျက် အလိုလိုနေရင်း သိနိုင်သည်သာတည့်။

    နောက်ဆုံး ကုန်ကုန်ပြောရလျှင် ထွက်သောချွေးနံ့ သည်ပင်လျှင် တောနံ့ခပ်သင်းသင်းများ ထွက်ချင်ထွက်နေငြားအံ့လည်း မသိပါချေတမုံ့။ စာရေးသူကိုယ်တိုင်ကလည်း မိဘတို့၏ တောစတိုင်ကို ပြင်ဆင်စိမ့်သောငှာ အနည်းငယ်မျှ တိုင်ပင် သမှုပြုခဲ့သော်လည်း ၄င်းတို့က မြို့အဝတ် အစားများကို ဝတ်ခြင်းအမှု ပြုခြင်းငှာ မစွမ်းနိုင် ရှက်လှချေ၏ဟူ၍ ငြင်းပယ်ခဲ့လေသောကြောင့် တောအဝတ်အစားဖြင့်ပင်လျှင် လှပြီးခန့်ပြီး ဖြစ်သော မိဘများကို အသို့သောသူသည် တောဂိုက်ကြီးနဲ့ ကြည့်မကောင်းဘူးဟူ၍ စောဒကတက်ဖွယ် အလျဉ်းမရှိရကား ဒီအတိုင်းပင် တောအဝတ်အစားကို ဝတ်ခွင့်ပြုလိုက်ရသည်သာ။

   တောသားမြို့ရောက်လျှင် တမျိုးတဖုံ အခက်ကြုံဘိသကဲ့သို့ မြို့သား တောရောက်လျှင်လည်း အလွဲအကွဲများဖြင့် ဒူးပြဲပြီးမှ မြို့သို့ပြန် ရောက်လာရိုးထုံးစံ ရှိချေ၏။ ကျွန်ုပ်၏မိဘများမှာလည်း ထိုသို့သော လောကဓမ္မတာကို ကျော်လွန်ခြင်းငှာ မစွမ်းရှာကြချေ။ မြို့အဝတ်အစားများကို မဆလာစော်နံသည်ဟူ၍ ညည်းခြင်းသည်လည်းကောင်း၊ ကားမူးသည်ဟူ၍ ဆေးခန်းပြရခြင်း သည်လည်းကောင်း၊ မြို့အဝတ်အစားများကို တိုလွန်းသည်ဟူ၍ မကြည့်ရဲခြင်းသည်လည်းကောင်း ရှိ၍သာနေခဲ့လေ၏။

အသို့ဆိုစေ ကျွန်ုပ်၏တာဝန်မှာ မိဘတို့ကို ဘုရားသို့လိုက်ပို့မည်၊ ထူးဆန်းထွေလာ တိရစ္ဆာန် အဖြာဖြာတို့ကို ကြည့်စိမ့်သောငှာ တိရစ္ဆာန်ဥယျာဉ်သို့ လိုက်ပို့မည်၊ တောပြန်ရောက်လျှင် ဗဟုသုတအဖြစ်ဖြင့် ပြန်ပြောရန်အလို့ငှာ ကန်တော်ကြီးသို့လိုက်ပို့မည်၊ ပြည်သူ့ရင်ပြင်သို့ လိုက်ပို့မည်။ ဒါသည်ပင်လျှင် ကျွန်ုပ်၏ မူလဘူတအကျဆုံး ရည်ရွယ်ချက်ပင် မဟုတ်တုံလော။ ရန်ကုန်သို့ ရောက်ပြီးသကာလ နောက်တစ်နေ့အခါအသမ၌ မိဘများကို ရွှေတိဂုံဘုရားသို့ လိုက်ပို့ခဲ့လေ၏။


     မိဘနှစ်ပါးတည်းခိုသော ခြောက်ထပ်ကြီးမှသည် ရွှေတိဂုံဘုရားသို့ ကားကိုမမက် ခြေလျင် သက်သက်ဖြင့် သွားဘိချေသော် မိနစ်သုံးဆယ်စာမျှ လမ်းလျှောက်ခြင်းအမှုကိုပြုလျှင် ရောက်နိုင်လေ၏။ ခြောက်ထပ်ကြီးမှသည် ငါးထပ်ကြီးသို့ ခြေလျင်ဖြင့်သာ လျှောက်လာကြရင်း ဖူးခဲ့ကြ လေကုန် ၏။ ငါးထပ်ကြီးမှသည် ရွှေတိဂုံဘုရားသို့လည်း ရွှေဂုံတိုင်လမ်းမကြီးကို အသုံးမပြုမူဘဲ ဖြတ်လမ်းနည်းဖြင့် သုတ်ချေတင်ခဲ့ကြ၏။


     မိဘနှစ်ပါးမှာ ၄င်းတို့ဘဝတလျှောက်လုံး စိတ်ကူးအိပ်မက်ထဲ၌ အကြိမ်ကြိမ်ဖူးခဲ့လေသော ဖူးချင်ခဲ့သော ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တောင်ခြေရင်းသို့ရောက်လေ ခြေလှမ်းသွက်လေ ဖြစ်နေရကား ဦးဆောင်သူ ကျွန်ုပ်ပင်လျှင် လိုက်၍မှီခြင်းငှာ မစွမ်းသာတော့ချေ။ မိဘတို့ ကားအန္တရာယ် မဖြစ်စိမ့်သောငှာသာလျှင် ကြိုးစားပြီးအမှီလိုက်ရင်း ဦးဆောင်သမှု ပြုခဲ့ရလေ၏။

    မိဘနှစ်ပါးမှာ စိတ်အားထက်သန်စွာဖြင့် ရှေ့တူရှုအရပ်၌ရှိသော ရွှေတိဂုံဘုရားသို့ ဦးတည်ရင်း ခြေလှမ်ကြဲကြီးများဖြင့် ၂၃၈ မျှရှိသော အရှေ့ဘက်မုဒ် လှေခါးထစ်များကို မမောတမ်း လှမ်းတက် နေရကား ဓာတ်လှေခါးကိုစီးဖို့ လှမ်းအော်သည်ကိုပင် မကြားနိုင်ရှာကြတော့ချေ။ ရွှေတိဂုံရင်ပြင်သို့ ရောက်လေပြီးသကာလ ရွှင်ပျအံ့သြသော မျက်နှာထားများဖြင့် ဖူး၍မဝ ရှိနေဘိကြတော့၏။ ဤသို့သာဖြင့် စာရေးသူနှင့် မိဘတို့၏ ရန်ကုန်ဘုရားဖူးခရီးစဉ် ပထမတစ်နေ့ကို ရွှေတိဂုံစေတီတော်၏ ရင်ပြင်ဝယ် ရှိရှိသမျှ ထောင့်ကြိုထောင့်ကြားများပါမကျန် မွှေနှောက် လည်ပတ်ရင်း ဝမ်းသာပီတိ အတိပြီးသော စိတ်နှလုံးဖြင့် အဆုံးသတ်ခဲ့သည်သာ။


    ပထမတစ်နေ့ဟာဖြင့် လွယ်ကူချောမွေ့စွာ အဆုံးသတ်ခဲ့ငြားသော်လည်း နောက်တစ်နေ့ ကန်တော်ကြီးနှင့် တိရစ္ဆာန်ဥယျာဉ်သို့ သွားလည် သောနေ့မှာမူကား တောမျက်စိ၊ တောအတွေးဖြင့် အတိပြီးသော ကျွန်ုပ်၏မိဘများအဖို့ ဘာများဆက်လက်ခံစားရမည်ဆိုခြင်းကိုမူ အသင်စာရှုသူ ကြိုတင်သိနိုင်လောက်ပေ၏။


    ရေမိုးချိုးစားသောက်ပြီးသည့်နောက် တိရစ္ဆာန်ဥယျာဉ်သို့ တဖန်ချီတက်ကြပြန်၏။ ကန်တော်ကြီးလည်း ရောက်ဖူးစေ တိရစ္ဆာန်ရုံသို့လည်း ရောက်စေသဘောဖြင့် ခြောက်ထပ်ကြီးမှ လိုင်းကားစီးလျက် ရွှေတိဂုံဘုရားမှတ်တိုင်၌ ဆင်းကာ ခြေလျင်ခရီးဖြင့် ကန်တော်ကြီးကိုဖြတ်ပြီး တိရစ္ဆာန်ဥယျာဉ်သို့ ဦးတည်လာခဲ့၏။ မိဘများ၏ သဘောထားကို မဆွလေးက ဆိုခဲ့ပြီးသည်အတိုင်း မဖွယ်မရာ မောင်နှံနှစ်ဖြာ အမြောက်အမြားကို မြင်လိုက်ရကား ဟာ, ဟင်, ဟယ်, ဟိုက်, အို, အလို, အမလေး, ဘုရားရေ, စသော အာမေဍိတ်သံများ တစ်မျိုးပြီးတစ်မျိုး ထွက်၍သာ လာဘိချေတော့၏။

မှန်ပေသည်...။

    ကျွန်ုပ်တို့ တောသဘာဝအရ အနှီသို့သော အချစ်သင်္ကေတတို့ကို ပြလေ့ပြထ မရှိပါချေလေ။ အကြင်သူတို့သည် အကြင်လင်မယားအဖြစ်သို့ လွန်ခဲ့သော သုံးလေးနှစ်ကပင် ရောက်ခဲ့ကြကုန်၏။ ထိုသူတို့သည်ပင်လျှင် လူသူရှေ့၌ ဖက်ခြင်းအမှုကိုသော်လည်းကောင်း၊ နမ်းရှုပ်ခြင်းအမှု ကိုသော်လည်းကောင်း ပြုလေ့ပြုထ မရှိကြလေကုန်။

မိဘနှစ်ပါးမှာ သူတို့မျက်စိကိုပင် သူတို့မယုံနိုင်လောက်အောင် အံ့သြတကြီး ဖြစ်နေဘိကြတော့၏။ ကျွန်ုပ်တို့မိသားတစ်စု ကန်တော်ကြီးအတွင်းရှိ တံတားပေါ်သို့အရောက်တွင် စုံတွဲသုံးလေးတွဲတို့သည် တောင်မြောက်လေးပါးကို ဂရုမစိုက်မူဘဲ ကျွန်ုပ်တို့မိသားစုထံသို့ တူရူပြုလျက် လျှောက်လှမ်း လာခဲ့ကြလေကုန်၏။

   ကျွန်ုပ်တို့မိသားစုထံသို့အရောက်တွင် တောဂိုက်ဖြင့် အတိပြီးသော ကျွန်ုပ်၏မိဘများကို ခင်ဗျားကြီးတို့က ဖယ်ရင်ဖယ် မဖယ်ရင်တိုက်ပစ် မယ်ဟူသော စတိုင်မျိုးဖြင့် တည့်တည့်ကြီး ဝင်တိုးကြတော့သပေါ့။ ဤတွင် ကျွန်ုပ်၏မိခင်ကြီးရယ်က ကျွန်ုပ်ဘက်သို့လှည့်ကာ "အလိုကွယ်.. မောင်ပဉ္ဇင်း ဒီလူငယ်တွေက ဘယ့်နှယ်ဟာတွေတုံး၊ မိုက်လုံးကြီးကြလှချည်ရဲ့ကွယ်၊ မဖွယ်မရာအမှု တို့ကိုလည်း လူသူရှေ့မှာ ပြုရဲကြပေကုန်ရဲ့၊ လူလူချင်း ထီမထင်တဲ့ အမူအရာပါလားကွယ်ရို့..." ။

ဤသို့နှယ် ကျွန်ုပ်၏မိခင်က တိုင်တန်းခြင်းအမှု ပြုလာသောအခါဝယ် "ဟုတ်တယ်မယ်တော် မယ်တော်တို့က မကြုံဖူးတော့ အထူးအဆန်းပေါ့၊ ဒီထက်လွန်တာကို မြင်ရတွေ့ရဦးမယ်၊ သည်းခံပလေ့မယ်တော် သည်းခံပလေ့၊ ဟိုရှေ့ကလာတဲ့ စုံတွဲသုံးလေးတွဲကို လွတ်အောင်ရှောင် ပေတော့၊ နို့မို့ဆို ကိုယ်ကပဲ လွန်ရာကျဦးမယ်" စသည်ဖြင့် မိခင်ကြီးကို သတိပေးလိုက်မိသေးတော့၏။ တူရူမှလာနေကြကုန်သော ခြောက်ယောက်သော အတွဲတစ်သိုက်တို့သည် တစ်ဦးအပေါ်တစ်ဦး ပေါင်ကိုဆိတ်၍မူလည်းဖြစ်စေ၊ ခါးကိုထိုး၍မူ လည်းဖြစ်စေ ကလူခြင်း မြှူခြင်းအမှုကိုပြုလျက် တည့်တည့်ကြီးတိုးကာ နှစ်ယောက်သား လုံးလား ထွေးလား ပစ်လဲကြပါလေကုန်ရော့။ မူလဘူတ သမယကပင် မျက်မွေးစူးလျက်ရှိနေဘိသော ကျွန်ုပ်၏မိခင်ကြီးရယ်က..


"အလိုကွယ် သူငယ်မ ဘယ်များနာသွားသေးတုံး..၊ လူတစ်ယောက်လုံးကို မမြင်နိုင်တော့ဘူး လားကွယ် နင့်ဟာက၊ နည်းနည်းတော့ ဆင်ခြင်းဦးမှပေါ့ လူရှေ့သူရှေ့မှာ"။ ကျွန်ုပ်၏မိခင်က ဆုံးမ သလိုလို ငေါက်သလိုလိုဖြင့် ပြောချလိုက်သည်။ တကျွတ်ကျတ်ဖြင့် အော်မြည်ညည်းတွား ခံစားနေရရှာသော သူငယ်မက "ဒေါ်ဒေါ်ကလည်း သမီးမရှောင်ဘဲ ဒေါ်ဒေါ်က နည်းနည်းပါးပါး ရှောင်ပေါ့၊ သမီးတို့က ဒီလိုပဲ လူငယ်သဘာဝ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် သွားလာနေကြတာပဲ၊ တောကတက်လာပြီး ဘာမှလဲ မသိဘဲနဲ့"။ သူငယ်မလေးကလည်း အားကျမခံ ကျွန်ုပ်၏မိခင်ကို ပြန်၍လှန်၏။

    ကျွန်ုပ်၏မိခင်မှာကား တစ်ဘဝမှာ တစ်ခါမှ လူငယ်တစ်ယောက်က ဟောက်ခြင်း၊ ငေါက်ခြင်းကို မကြားဖူး မမြင်ဖူး မခံခဲ့ဖူးရကား အံ့သြမဆုံး ဝမ်းနည်းမဆုံး ဖြစ်နေတော့၏။ လူငယ်အဖွဲ့ ခြောက်ယောက်လုံးသည်လည်း ကျွန်ုပ်တို့မိသားစုကု အသရေဖျက်မှုဖြင့် တရားစွဲပစ်လိုက်မယ် ဘာမှတ်လဲဟူသည့် မျက်နှာထားမျိုးဖြင့် ဝိုင်းကြည့်နေကြလေရာ၊ အခြေအနေကို ရိပ်စားမိသောကျွန်ုပ်က "ဆောရီး ဒကာမလေး ဆောရီး၊ They are my parents. (ကျွန်ုပ်၏ မိဘများပေတည့်). They are တောသား (သူတို့တွေက တောသားတွေပါ)။ Please be patient for that (ဖြစ်ခဲ့တာတွေအတွက် သည်းခံပေရော့)" စသည်ဖြင့် ဗြိတိသျှလေသံကို အပီအပြင် လေ့ကျင့်ထားသော ကျွန်ုပ်၏ ဂွတ်ရှယ် အင်္ဂလိပ်အသံထွက်ဖြင့် အင်္ဂလိပ်စာရောရော မြန်မာစာရောရော ကျွန်ုပ်၏ စကားလုံးများကို ကြားလိုက်ရပါမှ ထိုလူငယ်တစ်သိုက် မိုက်ခနဲ ဖြစ်သွားကြသည် ထင်၏။ အနို့သာကြောင့်ပဲလားမသိ အလဲမတော်လိုက်၍ နာကျင်ခြင်အရသာကို ခံစားနေဘိသော သူငယ်မလေးရယ်က..


   "ရပါတယ် ဘုန်းဘုန်းရယ် ရပါတယ် တပည့်တော်မအတွက် ကိစ္စမရှိပါဘူး။ ဘုန်းဘုန်းရဲ့မိဘတွေကိုသာ မြို့စရိုက်ကို နည်းနည်းသင်ပေး လိုက်ပါဦး" ဤသို့သာဖြင့် သူကိုယ်တိုင်က မှားခြင်းအမှုကို လုံးဝ မပြုခဲ့သော လေသံဖြင့် ကျွန်ုပ်အား အကြံပေးနေသော အနှီသူငယ်မကို သည်းခံပေးရန် မဆွလေးကမှ တောင်းပန်ခဲ့သော ကျွန်ုပ်က သည်းမခံချင်တော့ဘဲ "တော်ချေငဲ့ ရွှေမြို့သူ တော်ချေငဲ့၊ မယ်မင်းပြောပုံအရ ဒီကိစ္စမှ မယ်မင်းကပဲ မမှားခဲ့လေယောင်တကား၊ မယ်မင်းကိုယ်တိုင်ကလည်း အနှီကဲ့သို့ အလားတူအမှုမျိုးကို နောင်မဖြစ်အောင် ရှောင်ကြဉ်ရမယ်လေ" စသည်ဖြင့် ကျွန်ုပ်က မြည်တွန်တောက်တီးခြင်းအမှုကို ပြုမိလိုက်သေးတော့၏။


    ထို့ပြင်တဝ သူတို့အထဲမှတစ်ယောက်က "တင်ပါ့ဘုန်းဘုန်း တင်ပါ၊ နောင်များဆိုလျှင်ဖြင့် ရှောင်ကြဉ်သမှု ပြုပါမယ်၊ ခုတော့ဖြင့် သွားခွင့်ပြု ချေဦးတော့" ဟု ကျွန်ုပ်ပြောသောလေသံကို သူတုနိုင်သလောက် လိုက်တုကာ ခနဲ့ခြင်း၊ ရွဲ့ခြင်းအမှုကိုပြုလျက် ထွက်ခွာသွားကြလေကုန်၏။


   ကျွန်ုပ်၏မိဘများမှာကား အံ့သြပြီးရင်း အံ့သြနေကြကုန်၏။ ဘာမှဝင်မပြောဘဲ ငြိမ်နေသော ကျွန်ုပ်၏ဖခင်က "မလွယ်ပါ့လား သားငယ် မောင်ပဉ္ဖင်း မလွယ်ပါ့လား..၊ ဘုန်းကြီးကိုတောင်မှ မထီမဲ့မြင် ပြုရဲကြလေကုန်ရဲ့၊ ငါတို့တောနဲ့များ ကွာပါ့ကွယ်ရို့" ဟူ၍ ငြီးတွား၍သာပဲပေါ့။


"ဟုတ်တယ်အဖေ၊ ဒါသည်ပင် ရန်ကုန်မြို့ရဲ့ ယဉ်ကျေးမှုလို ဖြစ်နေခဲ့သည်မှာ ဆယ်စုနှစ်မျှ ကြာလေပြီ လားပဲ၊ စိတ်မကောင်းဖြစ်မနေပါနဲ့လေ ဗဟုသုတပေါ့" ။ မိဘများကို အားပေးနှစ်သိမ့်ရင်း ကန်တော်ကြီးနဲ့ တိရစ္ဆာန်ဥယျာဉ်သို့ ခရီးဆက်ကာ ဤနေ့အဖို့ ဤသို့လျှင် စိတ်မကောင်းစရာနဲ့ အဆုံးသတ်ခဲ့လေသည်တည်။


    ရန်ကုန်ရောက်ပြီး နှစ်ရက်မျှရှိပြီဖြစ်သော်လည်း တောရွာပြန်ခိုက် ငှက်ဖျားကိုက်ခဲ့သောကြောင့် ကျွန်ုပ်မှာ ရေချိုးခြင်းအမှု မပြုရဲဘဲ စိုထိုင်း ထိုင်ချွေးတို့ကို ခြောက်အောင်သုတ်ရင်းနဲ့သာပဲ နောက်သုံးရက်မြောက်နေ့သို့ ကူးရတော့မည့် အနေအထားပင် ရှိနေခဲ့လေ၏။


    နှစ်ရက်တာမျှ လှုပ်ရှားခဲ့သော ဤခန္ဓာကိုယ် အတ္တဘောကြီးသည် မြူများလိမ်းကြံပေကပ်နေခြင်း ချွေးနံ့များ နံစော်ခြင်း စသည့် အခြင်းအရာ ရွံရှာဖွယ်အပြည့် အပုပ်ကောင်၏ ပကတိသဘောကို ပြ၍သာ နေချေတော့၏။ စိတ်ညစ်ခြင်း ပင်ပန်းခြင်းတို့ကို ပယ်ဖျောက်ရန်အလို့ငှာ ကျောင်းဘေးရှိ ခုံတန်းပေါ်တွင်ထိုင်ရင်း လက်မောင်း၌သော်လည်းကောင်း၊ လည်ပင်း၌သော်လည်းကောင်း၊ ရင်ဘတ်၌သော်လည်းကောင်း ထိုထိုဤဤ ကပ်၍ပေကျံနေဘိသော အထပ်တစ်ရာ ကြေး(ချေး)တို့ကို ချွေး၏အစိုဓာတ်ဖြင့် ကုတ်ခွာခြင်း၊ တွန်းခွာခြင်းအမှုတို့ကို ကျွန်ုပ် ပြုနေခဲ့လေ၏။ ထိုတွင်အခိုက် ဆိုက်ရောက်၍လာခဲ့သသည်မှာ...


    "ဟာ.. ဟေ့ စာရေးဆရာကြီး မနေ့ကတွေ့လိုက်လို့ လာကြတာ၊ ဘာလက်ဆောင်တွေ ပါလာသလဲ၊ လက်ဆောင်လေးဘာလေးများ ရလေမလားလို့ လာတာလေ"။ သုံးယောက်သော သူငယ်မလေးတစ်သိုက် ဤသို့ ပေါက်ချလာခဲ့ချေပြီတည့်။ "သြော်... ဘယ်သူများလဲလို့ အမိတိုကိုး၊ ကဲ ပြောစမ်းပါဦး ကျွန်ုပ်ရောက်လာတာ ဘယ်ကဘယ်လို အနံ့ခံခဲ့ကြသလဲ"။ ကျွန်ုပ်နဲ့ အနှီသူငယ်မတို့ စကားပြောကြသည်ကို ကြားသိရသေ ကျွန်ုပ်၏ မိဘနှစ်ပါးတို့သည် ကျောင်းထိုင်ဆရာတော်နှ့ စကားပြောနေသည်ကိုဖျက်ပြီး စာရေးသူရှိရာထံသို့ ပြေးထွက်ခဲ့ကြလေ၏။


    "သိတာပေါ့ ဦးပဉ္ဗင်းရယ် သိပ်သိတာပေါ့၊ မနေ့က ငါးထပ်ကြီးမှာ တွေ့လိုက်သားပဲ သင်တန်းချိန်ကပ်နေလို့ လှမ်းမခေါ်ဖြစ်ကြတော့တာ၊ လက်ဆောင်ပေးရမှာကြောက်လို့ ရှောင်ပုန်း မယ်မကြံနဲ့ လုပ်ပါ လက်ဆောင်လေးဘာလေး" ကျွန်ုပ်အပေါ် ခင်မင်ရင်းနှီးလွန်းသည် ပြောရမလား ပွင့်လင်းသည်ဟု ပြောရလေမလား အသို့ဆိုစေ မိဘများအမြင်မှာတော့ အနှီသူငယ်မတစ်သိုက်ကို ဘယ်လိုမှ ကြည့်၍ရမည့်ပုံမပေါ်။ အနို့ကြောင့်သာပဲ ပေါင်တဝက်ပေါ်အောင် ဝတ်ထားသော သူတို့၏ စကတ်တိုတိုကိုတစ်ချက်၊ ရင်သားဟိုက်ထားသော သူတို့၏အင်္ကျီကိုတစ်ချက်၊ မိဘတို့ကိုတစ်ချက်၊ မေးငေါ့ပြ၊ နှုတ်ခမ်းရွဲ့ပြ၊ မျက်စိတစ်ဖက်မှိတ်ပြရင်း ဒါတွေကို ငါ့မိဘတွေ ကြည့်မရဘူး ငါ့မိဘတွေရှေ့မှာ ဆင်ခြင်ဦးဟူ၍ အထာလေးဖြင့် သင်္ကေတပြလိုက်ရချေသေးတော့၏။


မယ်မင်းကြီးမတို့က စိတ်အိုက်သွားသော အမူအရာဖြင့် "သြော်ကဲ... တို့တွေအိမ်ပြန်ချိန်တောင် နောက်ကျနေပြီ တို့တွေရ့ ဒယ်ဒီနှင့်မာမီတို့ စိတ်ပူနေဦးမယ် ပြန်ကြစို့ရဲ့... သွားဦးမယ်ဦးပဇင်း... နောက်မှပဲ" ။ အခြေအနေမှန်ကို သိသွားလေသောကြောင့် သူတို့ဇာတ်ကို သူတို့နိုင်အောင် ကကာ လစ်ထွက်သွားကြတော့၏။ အနှီသူငယ်မတို့သည်ကား လွန်ခဲ့သော သီတင်းကျွတ်ကျောင်းပိတ်ရက်၌ ကျွန်ုပ် အင်္ဂလိပ်သင်တန်းတက်စဉ်က စပ်မိစပ်ရာပြောကြရင်း သူတို့နေသော တာမွေနဲ့ စာရေးသူခဏတည်းခိုနေထိုင်ရာ ခြောက်ထပ်ကြီးတို့ နီးကပ်လှရကား ဘုရားဖူးရင်း ကျောက်တူး ရင်းဖြင့် ကြိမ်ဖန်များစွာ လာတွေ့ဖူးသူများပေတည့်။


အသို့ဆိုစေလေ ရဟန်းဘဝ၌ မြဲစေချင်သော ကျွန်ုပ်၏ မိဘများ၏ စိတ်ထဲမှာတော့ဖြင့် စကပ်ကတိုတို၊ ရင်သားဟိုက်သောအင်္ကျီ၊ မဲနီရောစပ် ပေါင်းတင်ထားအပ်သည့်ဆံပင် စသည်များဖြင့် ရောစပ်ယှက်တင် အလှပြင်ထားလေသော လုံမပျိုလေးများနဲ့ ခင်နေသည်ဆိုခြင်းကိုမူ အသို့လျှင် စိတ်ချလက်ချ ခွင့်ပြုနိုင်ချေအံ့နည်း။ သို့ကလောက် အရှက်ကင်းသော ကန်တော်ကြီးရှိ စုံတွဲများကို မြင်ခဲ့ပြီးသကာလ ကျွန်ုပ်ကို စိတ်မချနိုင် ဖြစ်နေခဲ့ကြလေကုန်၏။

   သားရဟန်းလေးများ အနှီသကောင့်သားတို့ကို အားကျသွားလေမလား၊ ရဟန်းဘဝကို ငြီးငွေ့သွားလေမလား စိုးရိမ်နေကြရှာမပေါ့။ အရှက်ကိုဘေးဖယ်ပြီး ပြောချင်တာ ပြောကြစတမ်းဟေ့ဆိုလျှင်  ကျွန်ုပ်ကိုယ်တိုင်ကလည်း အတန်အသင့်ကြည့်ကောင်းသာ ရုပ်ရည်ရှိ သူပါပေါ့။ (ကျွန်ုပ်၏ ရုပ်ရည်ရူပကာကို သင်လည်း သိပြီးမြင်ပြီး ဖြစ်လိမ့်မည်လို့ ကျွန်ုပ် ယုံကြည်မိသည်ပ စာရှုသူ ချစ်ဆွေငဲ့ရယ်လေ)။ ဒါသည်ကပင် မီးလောင်ရာလေပင့်၏သို့ မိဘတို့ စိတ်မချနိုင်စရာ အကြောင်းထဲက တစ်ခုဖြစ်ချင်ဖြစ်နေမပေါ့။

    တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စဉ်းငယ်မျှသောကာလအကြာ၌ ကျွန်ုပ်၏ ဖခင်ကြီးရယ်က သောကစကား မြွက်ကြားလေတော့၏။ "မောင်ပဇင်း သားလး..." ဤသို့သာဖြင့် စာရေးသူ၏ အမည်နာမ်စားများကိ နှစ်လီ နှစ်ထပ် ခေါ်အပ်ပြီးသကာလ "မောင်ပဇင်း တက္ကသိုလ်ပြီးသွားရင် ရွာကိုပြန်ပြီး ကျောင်းထိုင်ပါကွယ်၊ မြို့မှာနေရင်ဖြင့် တစ်နေ့နေ့များ စိတ်ပြောင်း သွားရင် ရင်ကျိုးရချည်ရဲ့ကွယ်"။ ဖခင်ကြီး၏ သောက ကြားရပြီးနောက် မိခင်ကြီး၏စကားက ဤသို့သာတည့်။ "ဟုတ်တယ် သားလေးမောင်ပဉ္ဇင်း၊ မမြင်ခဲ့ရရင် အကောင်းသားကွယ်၊ နဂိုကတည်းက သားချောလေး စိတ်ပြောင်းသွားမှာကို အမေတို့မှာ နေ့နေ့ညည စိတ်ပူခဲ့ရသကွယ်၊ ကျောင်းပြီးရင် ရွာကိုပြန်ပြီး ကျောင်းထိုင်သမှုပြုချေတော့" ။ ကျွန်ုပ်၏မိဘနှစ်ပါးတို့သည် အထက်ပါစကားများကို မြွက်ကြားခြင်းအပြီး၌ သက်ပြင်းရှည်ကြီးများကို အကြိမ်ကြိမ် မှုတ်ထုတ် နေဘိကြတော့၏။


    ကျွန်ုပ်တို့ သားအမိသားအဖသုံးယောက် ကျိုက်ထီးရိုးခရီးစဉ်ဟာတော့ဖြင့် အထူးတလည် ပြောဖွယ်မရှိ ရိုးရှင်းစွာ ပြီးဆုံးခဲ့၏ဟု မှတ်ယူပေရော့။ မိဘနှစ်ပါး ရွာကိုပြန်ရောက်ပြီး နောက်ပိုင်းကာလများတွင်တော့ လူ့ဘောင်လောက ဆင်းရဲလှပုံများကို ဥပမာအမျိုးမျိုးဖြင့် သရုပ်ပြပြီး စာဖြင့်သော် လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း ရဟန်းဘဝ၌မွေ့လျော်ရန် အဖန်ဖန် အထပ်ထပ် တောင်းပန်အပ်သည်သာတည့်။ စိုးရိမ်မည်ဆိုလည်း စိုးရိမ်ထိုက်ပါတယ်လေ။ ကန်တော်ကြီး၌ စုံတွဲများကို မြင်ခဲ့ရုံသာမကဘဲ ပဋိပက္ခပင် ဖြစ်ခဲ့သေးလေတော့ မြို့သူမြို့သားတို့၏ ဝတ်ပုံစားပုံ ဆက်ဆံပုံတို့ကိုမြင်ပြီး စိုးရိမ်ခြင်း၏ အထွဋ်အထိပ်သို့ ရောက်သွားကြရှာလေသည်ဟုပဲ ယူဆလိုက်ကြပါစို့။ ဧကန်တန္တုမှာတော့ဖြင့် မြို့သူမြို့သားအားလုံး ဒီပုတ်ထဲက ဒီပဲတော့ မဟုတ်ကြ။ ချေငဲ့ရယ်လေ စာရေးသူလည်း မိဘများဆီသို့ ရဟန်းဘဝ၌ ပျော်မွေ့နေပုံနှင့် စိုးရိမ်မှု မပြုရန် အနှီမဂ္ဂဇင်းမှတဆင့် ပြောပြလိုက်ချင်သည်တမုံပေါ့။


      အိုကွယ်.. မိဘတို့ရေ။ အကယ်၍သာ ရဟန်းဘဝ၌ မမွေ့လျော်ခဲ့လေလျှင် ဤအခြေအနေအထိပင် မရောက်နိုင်ရာသည် မဟုတ်တုံလော။ နောက်ပြီး တစ်ခုပြောခြင်းအမှုပြုရလျှင် သားမောင်မှာ မိဘတို့ထင်သလို ဖလန်းဖလန်းထရန် အချိန်မရှိပါချေ။ နေထွက်မှသည် နေဝင်သို့ စာသင်ခြင်းအမှုကို ပြု၍နေရသည်လေ။ အဘယ်မှာလျှင် လျှပ်ပေါ်လော်လီရန် အချိန်ရမည်နည်း။ စာသင်ခြင်း၌ စိတ်ကို နှစ်ထားသောကြောင့် စာမှတပါး တခြားသော အကြောင်းအရာများကို နောဇာနာမိ - သားမသိပါချေ။ ပုံပြင်လေးတစ်ခုဖြင့် သာဓကပြုချင်သည်လေ၊ မိဘတို့ စိတ်သက်သာရာရအောင်ပေါ့။


     တရံ့တရံရောအခါက အလွန့်အလွန်ခင်ကြသော ရဟန်းနှစ်ပါးရှိခဲ့၏ဟူသတတ်။ နောင်အချိန်၌ကား တစ်ပါးက တောထွက်သွားပြီး တစ်ပါးက မြို့၌ နေကျန်ခဲ့လေ၏။ နှစ်ပေါင်းများစွာ ကွဲကွာပြီးနောက် တောနေရဟန်းက မြို့နေရဟန်းဆီသို့ အလည်ရောက်လာခဲ့လေ၏။ စကားစမြည် ပြောကြပြီဆိုလျှင်ဖြင့် တောနေရဟန်းသည် တောမှာဘယ်လောက်အေးချမ်းကြောင်း၊ သပ္ပာယဖြစ် ကြောင်း၊ သူငယ်ချင်းသည်လည်း တောထွက်ရန် အချိန်ကျပြီဖြစ်ကြောင်း၊ မြို့ကျောင်းကို သံယောဇဉ် ဖြစ်မနေသင့်ကြောင်း အမြဲတမ်း ထည့်ပြောလေ့ရှိသတဲ့။


ရက်အတန်ကြာကုန်လွန်မေ့ အနှီတစ်နေ့မှာတော့ဖြင့်...
နှစ်ပါးအတူ ဆွမ်းခံကြွတော်မူကြ၏။ ရွာ့တစ်ဖက်အစွန်သို့အရောက် မြို့နေရဟန်းက "ကဲ သူငယ်ချင်း အရှင်ပြောတဲ့နေရာကို အခုပဲ သွားကြစို့" ဟု ပြောသတဲ့။ ဤ၌ တောနေရဟန်း ပြန်လည်မိန့်သည်မှာ "နေဦး သူငယ်ချင်း ကျောင်းမှာ တောင်ဝှေးနှင့်ဖိနပ် ကျန်နေသေးလို့ သွားယူလိုက်ဦးမယ်" ဟူ၏။

    ဒီတော့ကာ မြို့နေရဟန်းက "အရှင်ကပဲ တပည့်တော်ရဲ့ မြို့ကျောင်းကို သံယောဇဉ်မဖြစ်ဖို့ အခါခါအထပ်ထပ် မိန့်မြွက်ခဲ့သည်လေ၊ တပည့် တော်တောင် မြို့ကျောင်းကြီးကို စွန့်ခဲ့သေးတာပဲ၊ အရှင့်ရဲ့ တောင်ဝှေးနဲ့ဖိနပ်ကို ဘာလို့မစွန့်နိုင်တာတုံး" ဟူ၍ ပြန်လည်မိန့်သတဲ့။ ဒီတော့မှပဲ တောနေရဟန်းက "သြော်... မြို့နေရဟန်းဖြစ်သော်လည်း ငါ့ထက် သံယောဇဉ် ကင်းပေစွ ငါ့ထက်တော်ပေစွ" ဟု ချီးမွမ်းပြီး တောင်းပန်သမှု ပြုလေသတဲ့။ သားမောင်ပဉ္ဖင်းလေးအတွက် သောကရတက် ဆူပွက်နေရှာကြတဲ့ မိဘတို့ရေ..။ မြို့မှာနေသည်ဆိုသော်လည်း နေတတ်ရင် အနှီသို့သာပဲပေါ့ မိဘတို့ရယ်... အနှီသို့သာပဲပေါ့။


အနန္တဂုဏ်အင် ကျေးဇူးရှင်များကို ဦးခိုက်ပူဇော်ရင်း...။

မောင်အာဂ (ပင်လည်ဘူး)


If you enjoyed this post and wish to be informed whenever a new post is published, then make sure you subscribe to my regular Email Updates. Subscribe Now!


Kindly Bookmark and Share it:

0 comments:

Have any question? Feel Free To Post Below:

 

© 2013. All Rights Reserved | Pinlebu Township | Refreshed by Angal Kaung (ပင်လည်ဘူး) | Template by Blogger Widgets

Home | Contact | About | အပေါ်သို့