Friday, June 14, 2013

လက်နက်တုဖြင့် အနိုင်ယူခြင်း

Posted by Unknown at 1:39 PM
အတ္တနှင့်ဖုံးလွှမ်းမိုက်မှောင်လျက်ရှိသော သတ္တ၀ါတို့သည် သူလည်းသူ့အတ္တ ငါလည်းငါ့အတ္တ ဖြင့် အတ္တကိုရှေ့တန်းတင်ပြီး အလျှော့ပေးရမှာ ၀န်လေးတတ်ကြသည်။ တစ်ခါတစ်ရံများဆိုလျှင် သူ့အတွက်ရော ကိုယ့်အတွက်ပါ အကျိုးမရှိမှန်းသိသိကြီးဖြင့် အတ္တမာနကိုရှေ့တန်းတင်ပြီး သူနိုင် ကိုယ်နိုင်အပြိုင်ကျဲရင်း နှစ်ယောက်စလုံး ဆုံးရှုံးကြရတဲ့ အဖြစ်အပျက်များလည်း နေရာစုံ၌တွေ့မြင်နေ ရသည်။ 
   မိသားစုအသိုက်အမြုံကို ရှာဖွေကျွေးမွေးနေကြရပြီး ကိုယ့်အတ္တမာနကိုပယ်ခွာဖို့
အားထုတ်ရ မည်ဟူသော အသိလေးကိုသော်မှ နှလုံးသွင်းချိန်မရှိရှာတဲ့ လူဝတ်ကြောင်တို့အဖို့တော့ အတ္တမာနများ ထူပိန်းပိတ်ဆို့နေသည်များကို ခွင့်လွတ်နားလည်ပေးလို့ရပါသည်။ ဘုရားတရား တော်များကို နေ့ညမပြတ် သင်အံကျက်မှတ်ပြီး အတ္တမာနတို့၏ဆိုးကျိုးများကို ကောင်းကောင်းနားလည်သဘောပေါက်နေသော စာရေးသူကိုယ်တိုင် အတ္တမာနတို့၏ လွှမ်းမိုး နှိပ်စက်မှုဒဏ်ကို ခံနေရတုန်းပင်ဖြစ်သည်။
   မြတ်စွာဘုရား၏ တရားတော်များ၊ ဂုဏ်တော်များကို နှလုံးသွင်းမိတဲ့အခိုက်အတန့် သတိထားမိတဲ့အခိုက်အတန့်မှာဆိုလျှင် သည်းခံစွမ်းရည် အနည်း ငယ်ရှိနေပေမဲ့ အလုပ်များပြီး မြတ်စွာဘုရား၏ တရားတော်များနှင့် ရက်အတော်ကြာဝေးကွာသွားလျှင်တော့ အတ္တမာနများ ဖုံးလွှမ်း နေသည့်ကိုယ် ပြန်ဖြစ်သွားတတ်ပါသည်။ ဒါကြောင့်လည်း ရှေးပညာရှိများက “ပုထုဇဉ်ဆိုတာ ဖယောင်းနှင့်တူသည်”ဟု ဥပမာပေးခဲ့ကြခြင်း ပင်ဖြစ်မည်ထင်ပါသည်။ ဖယောင်းဆိုသည်မှာ မီးရဲ့အပူဓာတ်ငွေ့နှင့်တွေ့လျှင် ခဏတာ ပျော့ပျောင်းသွားတတ်ပေမယ့် မီးရဲ့အပူဓာတ်ကင်း ပျောက်သွားပြီးသောအခါ ဖယောင်းရဲ့ မူလသဘာဝအတိုင်း မာမြဲမာဆဲ သဘောလက္ခဏာကို ပြန်ရောက်သွားပါတော့သည်။
   ပုထုဇဉ်တို့၏သဘာဝသည်လည်း ခက်တော့ခက်သည်။ သူတော်ကောင်းတို့၏ အငွေ့အသက် ရှိသောနေရာဒေသမျိုးမှာနေရလျှင် စိတ်က တစ်မျိုး၊ သူတော်ကောင်းတရားနှင့် နည်းနည်းလေးဝေးလိုက်လျှင် စိတ်ကတစ်မျိုး ပြောင်းသွားပြန်ပါသည်။ ဒါကြောင့် မြတ်စွာဘုရားရှင်က ပဏ္ဍိတာနဉ္စ သေ ၀နာဟူ၍ မင်္ဂလသုတ်တော်၌ ဟောတော်မူခဲ့ခြင်းဖြစ်သည်။
   သူတော်ကောင်းကို များများဆည်းကပ်လျှင် များများလိမ္မာမည်၊ နည်းနည်းဆည်းကပ်လျှင် နည်းနည်းလိမ္မာမည်။ ဘာပဲဖြစ်ဖြစ် သူတော်ကောင်း တရားကို ကြားနာနေရလျှင် ကိုယ်ကလူမိုက်ဖြစ်နေပါစေဦး၊ သူထိုက်သလောက် ကုသိုလ် အနည်းနှင့်အများတော့ ရမှာသေချာလှပါသည်။ ကုသိုလ်တို့ရဲ့သဘာဝတရားအတိုင်း ကောင်းသော အကျိုးတရားများက ကိုယ့်ရဲ့ဘ၀အောင်မြင်မှုအတွက် အထောက်အကူဖြစ်မှာကို ယုံမှားစရာ မရှိပေ။ သူတော်ကောင်းတရားကို တတ်နိုင်သလောက်ကျင့်သုံးလျှင် ဘယ်လောက်များအကျိုးကြီးတယ်ဆိုတာကို စာရေးသူရဲ့ဘ၀နှင့် ရင်းပြီး ရလာတဲ့ အတွေ့အကြုံတစ်ခုနှင့် သက်သေပြလိုက်ချင်ပါသည်။
   လွန်ခဲ့သော နွေရာသီကျောင်းပိတ်ရက်တုန်းက စာရေးသူ ဇာတိမြို့သို့ပြန်ဖြစ်ခဲ့သည်။ အကြောင်းကိစ္စရယ်တော့ အထူးအထွေမရှိ။ စာသင်သား တို့ထုံးစံအတိုင်း ကျောင်းပိတ်လျှင်ရွာကို အပျင်း ပြေအလွမ်းပြေပြန်ကြတဲ့ ထုံးစံအရဖြစ်သည်။ ခါတိုင်း စာရေးသူ ဇာတိမြို့သို့ပြန်လျှင် အဖော်မပါ တစ်ယောက်တည်းသာပြန်လေ့ရှိပေမယ့် ဒီတစ်ခေါက်တော့ အသိမိတ်ဆွေထဲက အလယ်တန်းပြကျောင်းဆရာကြီးတစ်ယောက်နှင့် ခရီးကြုံနေ တာကြောင့် ရန်ကုန်မှ ဇာတိမြေပင်လည်ဘူးမြို့သို့ နှစ်ယောက်သား ခရီးအတူ ပြန်ဖြစ်သွားကြသည်။ ကျောင်းဆရာက ပညာတတ် လူတန်းစား ကလည်းဖြစ်ပြန် ဘာသာရေးလည်းစိတ်ဝင်စားဆိုတော့ စကားပြောရာမှာ အတော်လေးယဉ်ကျေးပျူငှါပြီး သိမ်မွေ့လှပါသည်။ ဒီလိုနဲ့ပဲ ခါတိုင်း ပျင်းစရာကောင်းတဲ့လမ်းခရီးကို ဒီတစ်ခါတော့ ကျောင်းဆရာဒကာကြီးနှင့် စကားဖောင်ဖွဲ့ပြီး ပြန်သွားလိုက်တာ ပျင်းချိန်မရှိခဲ့ပေ။
    ရန်ကုန်နှင့်မန္တလေး ရထားခရီးစဉ်ဆိုတာကြီးက ပျင်းမယ်ဆိုလည်း ပျင်းစရာကြီးပင်။ ရန်ကုန်မှ မနက်ငါးနာရီစထွက်မယ်ဆိုလျှင် မန္တလေးသို့ ညဆယ့်တစ်နာရီလောက်မှရောက်တော့ ဤမျှကြာသောခရီးကြီးကို တစ်နေ့ခင်းလုံး ရက်ရက်စက်စက်ပူတဲ့ အပူချိန်ကြီးနှင့် ရထားထဲမှာ တစ်ရက်လုံး အံကြိတ်ခံပြီး သစ်ပင်မဲ့သောလွင်တီးခေါင်ကြီးကို ဖြတ်သန်းကြရသည်။ မန္တလေးနှင့်နီးလာလေ ပူလေမို့ မန္တလေးကိုရောက်မှာကိုပဲ ၀မ်းသာရမလို ၀မ်းနည်းရမလိုဖြစ်တတ်တာကလည်း မန္တလေးရောက်ဖူးသော ဒေသခံမဟုတ်သူတိုင်း ခံစားဖူးမည်ထင်ပါသည်။ ညဘက်ကြီး အချိန်မတော် အမောတကောနဲ့  ရောက်သွားပြန်တော့လည်း နေ့ညမရွေးပူတဲ့ မန္တလေးနွေရာသီအပူဒဏ်ကြောင့် အိပ်ပျော်ဖို့အခက်တွေ့ပြန် ပါသည်။
    စာရေးသူနှင့် ကျောင်းဆရာတို့နှစ်ယောက်သား မန္တလေးရောက်တော့ ဘုန်းကြီးကျောင်း တစ်ကျောင်း၌ တစ်ညတည်းခိုကြသည်။ အပူဒဏ်နှိပ်စက်၍ အိပ်တစ်ဝက် နိုးတစ်ဝက် ညတစ်ညကို ဖြတ်သန်းခဲ့သည်။ နောက်တစ်နေ့  နေ့လယ်နှစ်နာရီရထားနှင့် ကောလင်းမြို့သို့ နှစ်ယောက်သား ခရီးဆက် ကြပြန်ပါသည်။
    ညကမန္တလေးမှာ ကောင်းကောင်းအိပ်မပျော်ခဲ့လို့ ရထားပေါ်မှာများ ဆက်အိပ်လို့ရ မယ်ဟုထင်စရာရှိပါသည်။ လူကြပ်လွန်း၍ ခြေထောက် တောင်ဆန့် လို့မရတဲ့ အခြေအနေမျိုးနှင့် ဆက်လက်ရင်ဆိုင်ရပြီး မွန်းထုံအိုက်စပ်သော အရသာကိုခံစားရင်း အိပ်ဖို့ကို မေ့ထား ရပြန်သည်။ မန္တလေးမှ မြစ်ကြီးနားဘက် အဆန်ရထားက ရန်ကုန်မန္တလေးရထားကဲ့သို့ ချောင်ချောင်ချိချိ ရထားမျိုးမဟုတ်။
    ရန်ကုန်မန္တလေးခရီးစဉ်က ရထားလက်မှတ်မရလျှင် ကားနှင့်သွား၍ ရပါသည်။ မန္တလေးမှ မြစ်ကြီးနား ဘက်ခရီးစဉ်က လိုင်းကားမရှိ၍ ခရီးသည်အားလုံး ထိုင်ခုံရသည်ဖြစ်စေ မရသည်ဖြစ်စေ ရထားပေါ်မှာ ပဲ ပြည့်ညှပ်နေအောင် စီးကြရသည်။ ခုံမရ၍ ဘူတာမှာ နှစ်ရက်သုံးရက် သောင်မတင်ချင်ကြပေ။
    မန္တလေးမြို့မှ နေ့လယ်ဆယ့်နှစ်နာရီစထွက်ခဲ့တော့ စာရေးသူတို့ဆင်းရမယ့် ကောလင်းမြို့သို့ ညဘက် တစ်နာရီရောက်ပါသည်။ နောက်နေ့ မနက်ခြောက်နာရီလောက် ပင်လည်ဘူးကို ကားစီးရမှာဖြစ်တာ ကြောင့် မနက်ထွက်မည့်ကားဂိတ်မှာပဲ ဖြစ်သလိုသွားအိပ်ရမလိုလို တည်းခိုခန်းမှာပဲ အိပ်ရတော့မလို လိုဖြစ်ပြန်ပါသည်။ စာရေးသူတစ်ယောက်တည်းဆိုလျှင် ကားဂိတ်မှာအိပ်ပြီးတော့ပဲ ခရီးဆက်လေ့ရှိ ပါသည်။ အခုဟာက ကျောင်းဆရာပါလာပြန်တော့ သူကားဂိတ်မှာအိပ်ချင်ပါ့မလားဆိုပြီးတော့ တွေးမိပြီး သူ့ကိုတိုင်ပင်ကြည့်ရပြန်ပါသည်။ ကျောင်းဆရာလည်း ခဏတာ အိပ်ရပေမယ့် တစ်ရက်စာပေးရ မည့် တည်းခိုခန်းသို့မသွားတော့ဘဲ မနက်ထွက်မည့် ကားပေါ်မှာပဲ ကြုံသလိုအိပ်ကြရန် သဘောတူ လိုက်ပါသည်။
    ကားဂိတ်ရောက်တော့ အိပ်ရေးငတ်လှပြီဖြစ်တာကြောင့် ကားပေါ်တက်ပြီး နှစ်ယောက်သား ကုန်ပစ္စည်းများအကြား အဆင်ပြေတဲ့နေရာမှာ အိပ်လိုက်ပါတော့သည်။ ကားပေါ်ကိုတက်သွားပြီး ငါးမိ နစ်တောင်မကြာလိုက်တဲ့အချိန်မှာပဲ ဆဲဆိုသံကြီးတစ်ခု ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်း သွားခဲ့သည်။ “ဘယ်ကောင်တွေလဲကွ… ကားပေါ်တက်အိပ်နေကြတာ၊ ကားပေါ်တက်မအိပ်ရဘူးလို့ စည်းကမ်း သတ်မှတ်ထားတာ မသိဘူးလား…၊ ငါ့အိပ်ယာပေါ်ကိုလည်း ဖြတ်နင်းသွားသေးတယ်”။ ကားစပယ် ယာရဲ့ဟောက်သံကြောင့်စာရေးသူတို့နှစ်ယောက်သား ပြူးတူးပြဲတဲတွေဖြစ်ကုန်သည်။
 ကျောင်းဆရာက ပြာပြာယာယာဖြင့် ကုန်ပစ္စည်းတွေကြားမှ တိုးထွက်ပြီး---“တောင်းပန်ပါတယ် ငါ့တူရာ…မသိလို့ပါ။ အရင်ကလည်း ဒီလိုပဲ တက်အိပ်နေကြလေ။ အခု ဘယ်လိုဖြစ်ရပြန်တာလဲကွာ”ဟု လေချိုးသွေးပြီး တောင်းပန်ရှာသည်။
“အရင်က ရပေမယ့် အခု မရတော့ဘူးကွ၊ ခရီးသည်တွေက တစ်ယောက်တည်းမဟုတ်ဘူး၊ စရိုက်မျိုးစုံ၊ လူမျိုးစုံ၊ ကုန်ပစ္စည်းပျောက်လို့ လျှော်ကျေးပေးရတာလည်း အကြိမ်ကြိမ်ပဲ။ တက်အိပ်မယ်ဆိုရင် နည်းနည်းတော့ စုံစမ်းဦးမှပေါ့ကွ။ ကျုပ်အိပ်ယာလည်း ခင်ဗျားတို့ရဲ့ ရွှံ့ပေတဲ့ ဖိနပ်ကြီးတွေနဲ့ တက်နင်းသွားလို့ အိပ်လို့ကိုမရတော့ဘူး”ဟု စပယ်ယာကလည်း သူ့ပိုင်နက်မို့ လေသံကိုမလျှော့ဘဲ အသံပြဲကြီးဖြင့် ဆက်အော်သည်။ “ငါ့တူက အပေါက်မှာ ကန့်လန့်ဖြတ်ပြီးတော့ ခင်းထားတာကိုးကွ။ မသိလို့တက်နင်းမိတာပါကွာ…နော်၊ ခွင့်လွတ်ပါ”။ ကျောင်းဆရာကလည်း အစွမ်း ရှိသလောက် တောင်းပန်ရှာသည်။
“ခင်ဗျားကြီး မျက်နှာချိုသွေးမနေနဲ့…။ ဒီကားဂိတ်မှာရှိတဲ့လူတွေ ဘယ်သူမှ ကားပေါ်တက်မ အိပ်ကြတာကိုလည်း သတိမထားဘူး။ ခင်ဗျားတို့ တော်တော်ပိန်းတဲ့လူတွေဗျာ”ဟု ကျောင်းဆရာကို သာမက စာရေးသူကိုပါ သံယောင်ရောပြီး ဆက်ဟောက်သည်။
“ဒီမှာကောင်လေး…ငါက ပြောလို့နားမလည်နိုင်လောက်အောင်တုံးတဲ့ ငတုံးမဟုတ်ဘူး။ ကျောင်းဆရာလုပ်နေတာကွ၊ နားလည်လား…။ လူတကာတွေကို ယဉ်ကျေးအောင်သွန်သင်နေရသလို ငါကိုယ်တိုင်ကလည်း မရိုင်းဘူးကွ။ မင်းလို ပြောလို့နားမလည်နိုင်လောက်အောင်တုံးတဲ့ အရိုင်းအစိုင်း မဟုတ်ဘူး။ ငါ့ကိုမောက်မောက်မာမာ လာမဆက်ဆံနဲ့”။ ပြောမရတဲ့အဆုံး ကျောင်းဆရာကလည်း စပယ်ယာကို ပြန်ဟောက် လိုက်သည်။
ကျောင်းဆရာနဲ့ စပယ်ယာ အပြန်အလှန်ပြောဆိုနေကြသည်ကို ကားဂိတ်ကလူတွေလည်း ၀ိုင်းကြည့်နေကြသည်။ စပယ်ယာ အဆက်မပြတ် ပွစိပွစိပြောနေသော စကားလုံးများတွင် စာရေးသူ ကိုပါ အလွတ်မပေးဘဲ ထည့်ဆဲနေသည်ကို ခပ်တိုးတိုးလေးတော့ ကြားနေရသည်။
  စာရေးသူကလည်း မသိလို့ တက်အိပ်မိတာကို ဗလိုင်းကြီး အဆဲခံနေရတာကတစ်ကြောင်း၊ ပြောမရဆိုမရ ပွဲကြမ်းနေတဲ့ စပယ်ယာက တစ်ကြောင်းဆိုတော့ ကြိတ်ပြီးဒေါသထွက်နေမိသည်။ စပယ်ယာကို ကိုင်ပေါက်ချင်စိတ်တွေတွေ့ရာပစ္စည်းနှင့် ထုချင်စိတ်တွေကလည်း မွှန်ထူလို့ နေသည်။ နေမထိထိုင်မထိဖြင့် အနေရခက်လှသော်လည်း ရဟန်းတစ်ပါးက ပရိသတ်ရှေ့မှာ ဒေါသကိုမပြသင့်ဘူးဆိုတဲ့ အသိဝင် လာတာကြောင့် ဒေါသစိတ်ကို မျိုသိပ်ကာ စပယ်ယာကို မေတ္တာရှိလေဟန်ဖြင့် မေတ္တာသမားကြီးစရိုက်ကို တတ်နိုင်သလောက်ဖမ်းပြီး လေသံကို အပျော့ဆုံး ဖြစ်အောင် လုပ်ကြံလိုက်ကာ---
“ဒကာကြီး…ဦးပဉ္စင်း အနူးအညွတ်တောင်းပန်ပါတယ်။ ဒကာကြီးကျေနပ်သည်အထိတောင်း ပန်ဆိုလည်းတောင်းပန်ပါ့မယ်။ ဒကာကြီး တို့ရဲ့စည်းကမ်းကို ဦးပဉ္စင်း တကယ်မသိလိုက်လို့ပါ။ ဦးပဉ္စင်းတို့ မစုံစမ်း မဆင်ခြင်တာလဲ ဦးပဉ္စင်းတို့ရဲ့ အားနည်းချက်ပေါ့လေ။ အမှန်ဆိုရင် ကားဂိတ်က လူတွေ ကားပေါ်တက်မအိပ်ကြတာကို ဦးပဉ္စင်းတို့ နည်းနည်းတော့ မေးမြန်းသင့်တာပေါ့။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ဒီကိစ္စမှာ ဦးပဉ္စင်းတို့ဘက်က အမှားပါပဲ။ ဒကာကြီး ခွင့်လွတ်စေချင်ပါတယ်”ဟု သူ နားဝင် ချိုမည့်စကားလုံးများကို လုပ်ကြံဖန်တီးပြီး တောင်းပန်လိုက်သည်။
စာရေးသူထံမှ မမျှော်လင့်တဲ့စကားတွေ ကြားလိုက်ရတဲ့ စပယ်ယာခမျာ မျက်နှာကို ဘယ်လို ထားရမှန်းမသိအောင်ဖြစ်သွားပြီး “ရပါတယ် ဦးပဉ္စင်းရယ်…။ ဒါဆိုလည်း ပြီးတာပါပဲ”စသည်ဖြင့် နှစ်ယောက်သုံးယောက်ထက် မကြားနိုင်သောစကားလေးငါး,ခြောက်ခွန်းကိုပြောပြီး အားတုံ့ အားနာ မျက်နှာဖြင့် ကားပေါ်ကို တက်သွားပါတော့သည်။
   မနက်မိုးလင်းပြီး ကားထွက်မည့်အချိန်ရောက်တော့ သူ့အထုပ် ကိုယ့်အထုပ်ဆွဲပြီး ကားပေါ်ကို တက်ကြသည်။ စာရေးသူမှာလည်း အထုပ် သုံးထုပ်နှင့် စီးတာကလည်း ကားအမိုးပေါ်မှာမို့ ပစ္စည်းများ ကားပေါ်ရောက်ဖို့ တွေ့တဲ့လူကို အကူအညီတောင်းရသည်။ ကျောင်းဆရာ ကလည်း သူ့အထုပ် သူ့အလုပ်နှင့် တိုင်ပတ်နေသည်။ အဲဒီအချိန်မှာ စာရေးသူကို သတိထားစောင့်ကြည့်နေတဲ့ စပယ်ယာက “ဦးပဉ္စင်း ကားပေါ် တက်ပါဘုရား၊ ပစ္စည်းတွေ တပည့်တော် တင်လိုက်ပါ့မယ်”ဟု အနားနားကပ်ပြီး တိုးတိုးလေး လာကမ်းလှမ်းသည်။ ညကမှ ဒေါသတကြီးဖြင့် ရမ်းနေသော စပယ်ယာက အတော့်ကို ပြောင်းလဲသွားပြီး အထုပ်တွေတင်ပေး၊ လေပြေသံလေးနဲ့ စကားတွေလာပြော စသည်ဖြင့် စာရေးသူ အပေါ် အတော့်ကိုကောင်းလာတော့….။ စာရေးသူပင် အနည်းငယ်အံ့သြရသည်။
   ဒီလိုနဲ့ပဲ ပင်လည်ဘူးမြို့ကို နေ့လယ်ဆယ်နာရီခွဲ ရောက်ခဲ့သည်။ ကားဂိတ်ရောက်တော့ ကျောင်းဆရာကို သူ့မိသားစုက လာကြိုသည်။ ဒီတော့ ကျောင်းဆရာက စာရေးသူကို “ဦးပဉ္စင်း တပည့်တော်တို့အိမ်ကို ကြွပါဦးဘုရား၊ ဆွမ်းကပ်ချင်လို့ပါ။ အိမ်က မြို့စွန်မှာဆိုပေမဲ့ ဆိုင်ကယ်နဲ့ဆို တော့ သိပ်မဝေးပါဘူးဘုရား”။ “ဒီတစ်ခေါက်တော့ ဦးပဉ္စင်း မလိုက်နိုင်တော့ဘူး ဒကာကြီး၊ နောက်ကြုံ တော့ ၀င်မှာပေါ့။ လိပ်စာပေးလိုက်လေ။ ဦးပဉ္စင်းလဲ ရွာကို ဒီနေ့ပြန်မှာ။ မြို့ထဲကကျောင်းကိုလည်း လူ ကြုံပစ္စည်းပါးလိုက်လို့ သွားပေးရဦးမယ်”။
“တင်ပါ့ဘုရား…နောက်ကြုံရင် ၀င်ခဲ့ပါဦးဘုရား။ ဒီမှာ တပည့်တော်ရဲ့လိပ်စာပါ။ ပင်လည်ဘူး မြို့ကမကျယ်တော့ ရှာရမခက်ပါဘူးဘုရား။ ဒါဆိုလည်း တပည့်တော် သွားဦးမယ်ဘုရား”။ “ကောင်း ပါပြီ ဒကာကြီး”။ ကျောင်းဆရာက နှုတ်ဆက်ထွက်ခွာသွားပါတော့သည်။
စာရေးသူလည်း အထုပ်အပိုးများနဲ့ သုံးဘီးငှါးပြီး သွားတော့မယ်အပြု “ဦးပဉ္စင်း…ဆွမ်းဘုဉ်းချိန် ရောက်နေပြီ၊ တပည့်တော် ဆွမ်းကပ်ချင်လို့ပါ။ ဆိုင်ထဲကြွပါဘုရား”။ “သြော်…ဘယ်သူများလဲလို့၊ စပယ်ယာကြီးပါလား၊ အားနာစရာကြီး ကျောင်းမှာပဲ ဘုဉ်းပေးတော့မယ်”။  “ကြွပါဘုရား…။ ကျောင်း မှာက ဘယ်တော့ ဘုဉ်းပေးဘုဉ်းပေး ရပါတယ်ဘုရား။ တပည့်တော်ကပ်တာလေး တစ်နပ်လောက် ချီးမြှင့်ပါဦးဘုရား…”။
စပယ်ယာရဲ့ တောင်းပန်တဲ့အမူအရာကြောင့် သူခေါ်သောနီးစပ်ရာထမင်းဆိုင်ထဲကိုလိုက်ပြီး ဆွမ်းဘုဉ်းပေးလိုက်ရသည်။ ဆွမ်းကပ်ပြီး တော့လည်း အအေးကပ်ပြန်ပါသည်။ ဒီလိုနဲ့ပဲ မကြာသေးခင်ကမှ ရန်သူလိုဆက်ဆံခဲ့တဲ့လူတစ်ယောက် အခုတော့လဲ တကယ်ရင်းနှီးတဲ့ လူတစ်ယောက်အလား ချက်ချင်းကြီး ပြောင်းလဲသွားပါတော့သည်။
  ညကသူပြောခဲ့သော စကားလုံးများနဲ့ပတ်သက်ပြီးတော့ တောင်းပန်ချင်တဲ့ အရိပ်အယောင်လည်းတွေ့နေရပါသည်။ ဒါပေမဲ့လည်း တောင်းပန် စကားကို သူပြောမထွက်ခဲ့ပေ။ သူ့ရဲ့အားတုံ့အားနာ အမူအရာတွေကိုကြည့်ပြီး စာရေးသူလည်း ခွင့်လွတ်ခြင်းများစွာနဲ့ ကြည်ကြည် ဖြူဖြူကြီး အလံဖြူပြလိုက်ပါတော့သည်။ ဆွမ်းစားပြီး ကျောင်းတိုက်ထဲသွားဖို့ သုံးဘီးကိုလည်း သူကငှါးပြီး လှူလိုက်ပြန်ပါသည်။ သုံးဘီးသမားကို ပစ္စည်းချရမယ့်နေရာ မှာလိုက်ပြီး စာရေးသူကိုယ်တိုင်ကတော့ ရထားနှင့်ကားကို သုံးရက်ဆက်တိုက်စီးလာရတာကြောင့် မဝေးလှသော ကျောင်းသို့ ထူးဆန်းအံ့သြဖွယ် အဖြစ်အပျက်များကိုတွေးရင်း ခြေလျင်ပဲ လျှောက်လာခဲ့သည်။
ကားစပယ်ယာနှင့် စာရေးသူ ဘာကြောင့်ဒီလောက်တောင် အဆင်ပြေပြီး အစဉ်ချောမွေ့သွား ရသည်ကို အကြောင်းရှာနေမိသည်။ သေသေ ချာချာ အရင်းစစ်လိုက်တော့ ကားစပယ်ယာက စာရေးသူရဲ့ မေတ္တာသံရောတဲ့ တောင်းပန်သံကိုကြားပြီးကတည်းက အခုလိုပြောင်းလဲ သွားသည် ကို သတိပြု မိသည်။
    ဒါကြောင့်လည်း ဘုရားရှင်က တစ်နေ့ကို တစ်မုဟုတ် တစ်ခဏမျှ မေတ္တာပွားကြ၊ မေတ္တာတ ရားဆိုတာ အတိုင်းအဆမရှိ အကျိုးပေး သည်ဟူ၍ လည်းကောင်း၊ မေတ္တာလက်နက်သည်သာ အကောင်းဆုံးလက်နက်ဟူ၍လည်းကောင်း ဟောတော်မူခဲ့သည်။ ကိုယ်တွေ့ကြုံမှ မေတ္တာရှေ့သွားရှိ လျှင် အရာရာအဆင်ပြေ ပြီးမြောက်နိုင်ကြောင်း ပိုသိလာခဲ့ရသည်။
  အမှန်ကတော့ စပယ်ယာကို တောင်းပန်ခဲ့တုန်းက စာရေးသူ၏ရင်တွင်း၌ ဒေါသအငွေ့အသက်များဖြင့် ပြည့်နေခဲ့သည်။ တောင်းပန်စကားများက ပြေလည်စေချင်လို့ ညှစ်ထုတ်ပြီးသုံးလိုက်သော ဟန်ဆောင်မှုများ သာဖြစ်သည်။ ငါမှန် သည်ဟူသော အတ္တမာနကိုဘေးဖယ်၊ ဒေါသတရားကို ဟန်ဆောင်ချုပ်တည်းပြီး ထုတ်သုံးလိုက်သော စာရေးသူ၏ မေတ္တာလက်နက်အတုကသော်မှ အံ့သြရလောက်အောင် အကျိုးပေးတယ်ဆိုလျှင် သတ္တ၀ါများအပေါ်ထားတဲ့ မေတ္တာလက်နက် အစစ်သာ ဆိုပါက…..။


မောင်ကြည်လင် (ပင်လည်ဘူး)


If you enjoyed this post and wish to be informed whenever a new post is published, then make sure you subscribe to my regular Email Updates. Subscribe Now!


Kindly Bookmark and Share it:

0 comments:

Have any question? Feel Free To Post Below:

 

© 2013. All Rights Reserved | Pinlebu Township | Refreshed by Angal Kaung (ပင်လည်ဘူး) | Template by Blogger Widgets

Home | Contact | About | အပေါ်သို့