လာမည့်ဇူလိုင်လတွင် လွှတ်တော်အတွင်း၌ ဗဟိုဘဏ် ဥပဒေသစ်အား အတည်ပြုသွားမည်
ဖြစ်ကြောင်းနှင့် ဗဟိုဘဏ်အနေဖြင့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းအဖြစ်
ရပ်တည်နိုင်တော့မည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။
''ဗဟိုဘဏ်ကို ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ လိုပါတယ်။ အဓိကကတော့
ဗဟိုဘဏ်ကို အားပြန်ဖြည့်ရမယ်။ ဥပဒေထွက်လာလို့ ဗဟိုဘဏ်ဟာ သီးခြားလွတ်လပ်တဲ့
အဖွဲ့အစည်း ဖြစ်လာခဲ့ရင်တောင် နိုင်ငံခြားက ပညာရှင်တွေ လိုပါသေးတယ်။
အခုဗဟိုဘဏ် ဥပဒေ ထွက်လာတာ ကောင်းပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ
လုပ်တတ်ကိုင်တတ်တဲ့သူတွေ ရှိမှဖြစ်မယ်။ မရှိဘူးဆိုရင် အခက်အခဲတွေ
ရှိလာနိုင်တဲ့အတွက် ရှိလာအောင် ပျိုးထောင်ရမယ်။ ပျိုးထောင်ရမယ့် အချိန်က
ဘယ်လောက်ကြာမလဲ ဆိုတာတော့ မသိသေးပါဘူး။ ပြီးရင် ပေါ်လစီ ချပေးဖို့
လိုအပ်ပါသေးတယ်'' ကမ္ဘောဇဘဏ်၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးသန်းလွင်က
ပြောကြားခဲ့သည်။
အလားတူ ဗဟိုဘဏ်အနေဖြင့် သီးခြား လွတ်လပ်သော အဖွဲ့အစည်း ဖြစ်ရုံမျှမက
ကျွမ်းကျင်ဝန်ထမ်း များစွာလိုအပ်နေပြီး ပေါ်လစီ ချမှတ်မှုမှာလည်း
များစွာအရေးပါကြောင်း စီးပွားရေး ပညာရှင်အချို့က သုံးသပ်သည်။ ''ဗဟိုဘဏ် လွတ်လပ်ရေး ဆိုတာကတော့ ဖြည်းဖြည်းချင်း လုပ်ယူရမှာပါ။ ဥပဒေ
ပြင်ရမယ့်ဟာ ရှိတယ်။ ကျွမ်းကျင်မှုရှိတဲ့ ၀န်ထမ်းတွေ ရှိဖို့လည်း လိုတယ်။
အစိုးရ မှာလည်း ငွေရေးကြေးရေး ပေါ်လစီရှိဖို့ လိုသလို ဗဟိုဘဏ်မှာလည်း
သူ့ရဲ့ကိုယ်ပိုင် ပေါ်လစီနဲ့ ဘယ်ရည်ရွယ်ချက်အတွက် လုပ်သလဲဆိုတာ
အရေးကြီးပါတယ်။ ဒါကြောင့် ဥပဒေရယ်၊ ပေါ်လစီရယ်၊ ၀န်ထမ်းရယ် သုံးခုစလုံး
ပြည့်စုံဖို့လိုပါတယ်။ နောက် ခြောက်လ၊ တစ်နှစ်လောက်မှာတော့ ဒါတွေ
ဖြစ်လာနိုင်လောက်ပါတယ်''ဟု စီးပွားရေး ပညာရှင်ဖြစ်သူ ဒေါက်တာဇော်ဦးက
ပြောကြားခဲ့သည်။
''ဒေါ်လာဈေး အတက်အကျနဲ့ ပတ်သက်ရင်တော့ ဗဟိုဘဏ်က ဈေးကွက်ထဲမှာ
ကစားတတ်ဖို့ လိုပါတယ်။ ဒါကြောင့် ဗဟိုဘဏ်မှာ လုပ်တတ်ကိုင်တတ်တဲ့သူရှိဖို့
လိုတယ်လို့ ပြောတာပါ။ ဗဟိုဘဏ်ဆိုတာ ကစားပေးရတယ်။ ဥပမာ Bank of Japan
ကိုကြည့်ပါ။ ဂျပန်ယန်းငွေဈေး အတက်အကျကို ဘယ်လိုဝင်ကစားလဲ၊ ဘယ်လိုထိန်းညှိ
ပေးသလဲဆိုတဲ့ ပုံစံမျိုးပေါ့'' ဦးသန်းလွင်က ပြောကြားခဲ့သည်။
လက်ရှိအခြေအနေတွင်မူ အမေရိကန်နှင့် အနောက်နိုင်ငံများမှ ချမှတ်ထားသော
စီးပွားရေး ပိတ်ဆို့မှုများသည် ဒေါ်လာငွေ သုံးစွဲရေးနှင့် ပတ်သက်၍ ပြဿနာ
အထွေအထူး မဟုတ်တော့ကြောင်း သိရသည်။
ဆိုင်ရာ အကြောင်းအရာများ :
Myanmar News,
News

0 comments: